ထုတ်ဝေရေးကို ၂၀၁၁ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၉-ခုနှစ်မှသာ ဇလပ်နီစာပေဟူသော အမည်ဖြင့် ပြန်လည်ထုတ်ဝေခဲ့သည်။ ဇလပ်နီစာပေတိုက်ထုတ် စာအုပ်များကို ရသစာပေ ဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာစာပေလောကကို ကယ်တင်ဖို့ စသည် စသည့် ရည်ရွယ်ချက်များ မရှိပါ။ ကြိုက်နှစ်သက်ခဲ့သော၊ စုစည်းသိမ်းဆည်းလိုသော၊ ဖတ်ချင်သော စာအုပ်များကို ကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင်ထုတ်ဝေလိုခြင်း တခုတည်းကြောင့်ပင် ဖြစ်ပါသည်။ အခြေခံ လူတန်းစား စာဖတ်သူ ထုတ်ဝေသူ ဖြစ်သောကြောင့် စာဖတ်သူများကို အစဉ်အမြဲ အလေးထား၊ ဦးစားပေးလျက် ရှိပါသည်။


စာပေအနုပညာ ဖန်းတီးရှင် စာရေးဆရာများ၊ ပန်းချီဒီဇိုင်းဆရာများ၊ လုပ်ငန်းဆက်စပ်ရာများ၏ မူပိုင်ခွင့်ကိုလည်း အစဉ်အလေးထားလျက် ရှိပါသည်။ ၂၀၂၂ - ခုနှစ်၊ ဒီဇင်ဘာလ အထိ ၄-နှစ်တာ ကာလအတွင်း စာအုပ်ပေါင်း ၇၀ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ အများအားဖြင့် 70% ကျော်သည် ရသစာအုပ်များ ဖြစ်သည်။


စာပေသည် အနုပညာပစ္စည်းတခု ဖြစ်သောကြောင့် အနုပညာကို ခံစားခုံမင် အားပေးသူများ ရှိနေသေးသ၍ ဇလပ်နီစာပေသည်လည်း ဆက်လက် ရှင်သန်နေဦးမည် ဖြစ်ပါသည်။ စာအုပ်မှာယူသူ စာချစ်သူများ၏ အချက်အလက်များကို စာအုပ်ပို့ဆောင်ခြင်း လုပ်ငန်းစဉ်မှ အပ အခြား မည်သည့်နေရာတွင်မှ တဆင့် ပြန်လည်ဖြန့်ဝေခြင်း၊ အသုံးပြုခြင်း မရှိပါ။